ရွှေကျင်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရွှေကျင် မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြိုကာလတွင် ကျွဲတဲရပ်ကွက်ရှိ ကျွဲတဲကွက်သစ်တွင် သစ်တောသစ်ပင်များစိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရွှေကျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌ခင်‌မောင်သန်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများထံ ပျိုးပင်များပေးအပ်ပြီး တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးကြသည်။

ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန်လျှော့ချ နိုင်စေရန်နှင့်ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် အမြင့် ၂ ပေနှင့် အထက်ရှိသော မန်ဂျန်ဂျား(၁၀၀)ပင်၊ ကျွန်း(၈၀)ပင်နှင့် မဟော်ဂနီ(၂၀)ပင် စုစုပေါင်းပျိုးပင် (၂၀၀)ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်သစ်တောဦးစီးဌာမှဝန်ထမ်းများ စုစုပေါင်းတက်ရောက်အင်အား (၁၈၀)ဦးခန့်က မိုးရာသီအကြို သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။‌

ထွန်းထွန်းဇော်(ပြန်/ဆက်)