မင်းလှမြို့နယ်တောင်ရပ်ကွက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

အထက်မင်းလှ မေ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် (၃)နာရီက တောင်ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)ခုနှစ်၊ ဥပဒေပုဒ်မ၁၀၁(ခ)၊ ဥပဒေပုဒ်မ(၁၀၃)(ခ)(၁)နှင့် ဥပဒေပုဒ်မ(၁၀၃) စသည့်အကြောင်းအရာများ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ရာ ရပ်ကွက်နေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇာဇာ(ပြန်/ဆက်)