မိုးညိုမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုးညို မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ အ.လ.က (ခွဲ) ကျွန်းကလေး ကျောင်းဝင်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် အဖွဲ့ဝင်များထံသို့ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့်ပျိုးပင်များအား ပေးအပ်ခဲ့သည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများက ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှားစုစုပေါင်းပျိုးပင် (၅၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိ့ရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်၊ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)