မကွေး မေ ၂၄
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်ကနိုင်ငံ့ဝန်ထမ်း မိသားစုများ၏ သား/သမီးများ၊ ကျောင်းသား/သူ လူငယ်လူရွယ်များအတွက် “နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း”ကို ဧပြီ ၂၈ မှ မေ ၂၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အောင်မြင်စွာပြီးမြောက်ခဲ့ ပြီးဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခန်းကဏ္ဍအားလုံးတွင် ဒီဂျစ်တယ်နည်းပညာကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိအောင်ဆောင်ရွက်နိုင်စေရေး ကြိုးစားကြရန်လိုအပ်ကြောင်း၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ဓာတ်များနှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade-6 ကျောင်းသား မောင်လွင်သန့်ထူးအာင်မှ တစ်ကိုယ်တော်တီးခတ်ဖျော်ဖြေ၍ နွေရာသီတယောသင်တန်းကျာင်းမှ ကျောင်းသား/သူလေးများမှ အဖွဲ့လိုက်တီးခတ်ဖျော်ဖြေခဲ့ကြသည်။ဆက်လက်၍သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် သင်တန်းသား/သင်တန်းသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် သင်တန်းသို့တက်ရောက် အောင်မြင်ခဲ့ကြသည့် သင်တန်းသား/သူများအားလုံးအတွက် သင်တန်း ဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)