ပခုက္ကူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ပခုက္ကူ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စုများအလိုက် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လမ်းရှိ/မရှိစစ်ဆေးခြင်း၊ ရေတွင်း/ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)