ပွင့်ဖြူ မေ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၂ ရက်နေ့ကစပြီး သက်ဆိုင်ရာအခြေခံပညာကျောင်းများအလိုက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ လာရောက်ကျောင်းအပ်နှံသည့် ထက် ၊ လယ် ၊ မူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၆၃၂ ဦးရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာဆိုင်းဘုတ်များစိုက်ထူ၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိသည့်အပြင် အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ အသိပညာပေးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများက မိမိတို့၏ သား/သမီးများကို အတန်းပညာဆည်းပူးသင်ကြားခွင့် မဆုံးရှုံးစေရေး လာရောက်ကျောင်းအပ်နှံကြလျက်ရှိသည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား မိဘများက မိမိတို့၏ သား/သမီးများကို အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကျောင်းအပ်နှံလျက်ရှိရာ မေ(၂၂)ရက်နေ့မှ ယနေ့အထိ အခြေခံပညာမူလတန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၁၃၂၉၄ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၉၂၆ ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၄၁၂ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ ၁၈၆၃၂ ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံဆောင်ရွက်ရာ၌ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရန် ကျောင်းဝတ်စုံအပါအဝင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ အခမဲ့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း(၁၆၉)ကျောင်းရှိပြီး အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မေ ၂၂ ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)