ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၅၃၃ ဦး ကျောင်းလာရောက်အပ်နှံ

ပခုက္ကူ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ၁၅၃၃ ဦး လာရောက်အပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။  

ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီ မိဘအုပ်ထိန်းသူများမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းလာရောက်အပ်နှံမှုအား သက်ဆိုင်ရာအခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၂ ရက် (ပထမနေ့)တွင် KG မှ Grade-5 အထိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၃၂၈ ဦး၊ Grade-6 မှ Grade-9 အထိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၃၆ ဦး၊ Grade-10 မှ Grade-12 အထိ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၆၉ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၅၃၃ ဦး လာရောက်အပ်နှံပြီးဖြစ်‌ကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဇွန်လ ၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)