မင်းဘူး မေ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အခြေခံပညာဦးစီးဌာနနှင့်၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် (၅၂) နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီခွဲက အ.ထ.က (၂) ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို မင်းဘူးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်တို့က ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် မင်းဘူး(စကု)မြို့နယ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့် (၆) ဦး၊ အလယ်တန်းအဆင့် (၈) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၄) ဦး ပါဝင်ယှဉ်ပြိုင်စေပြီး၊ အဆိုပါ စာစီစာကုံးပြိုင်ပွဲကို “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုရသည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ (၅) ရက်နေ့ မင်းဘူးမြို့ မင်းပူး ဦးဩဘာသ ခန်းမ၌ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)