ပွင့်ဖြူ မေ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ၏ လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်း တင်ဒါဖွင့်ပွဲကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများ၏ လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါပစ္စည်းများ၏ အရည်အသွေး စံသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တင်ဒါတင်သွင်းလိုသော လုပ်ငန်းရှင်များက တင်ဒါပစ္စည်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းဖြေကြားပေးပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများဖြစ်သော Lot (1;2;3 ) အုတ်၊ သဲ၊ ကျောက်စရစ် တင်ဒါဝယ်ယူခြင်း ပစ္စည်းများကို တင်ဒါလက်ခံစိစစ်ရေးအဖွဲ့ရှေ့မှောက်တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )