မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး မေ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်နှံမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာကျောင်း ၁၄၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃ ကျောင်း၊ စုစုပေါင်း ၁၅၈ ကျောင်းရှိကြောင်း၊ အဆိုပါကျောင်းများအားလုံး၌ အခြေခံပညာအဆင့် (ထက်၊ လယ်၊ မူ) စာရင်းရှိ ကျောင်းသားဦးရေပေါင်း ၃၃၀၆၅ ဦးရှိသည့်အနက် ကျောင်းအပ်လက်ခံခြင်းစတင်သည့် ပထမရက်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၈၃၂ ဦး လက်ရောက်အပ်နှံဆောင်ရွက်ခဲ့ပြီး ကျောင်းသုံးစာရေးကိရိယာအဖြစ် ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို သတ်မှတ်ထားသော အတန်းများအလိုက် အခမဲ့ပေးအပ်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေပညာကျောင်းများအားလုံး၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)