ငဖဲ မေ ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တန်းခွဲအလိုက် ကျောင်းအပ်နှံကြသူ ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသောအတန်းလိုက် ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်းဝတ်စုံတစ်စုံစီကို မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ် တစ်ဒါဇင်နှင့် ခဲတံ(၂) ချောင်း၊ ဘောလ်ပင်(၂)ချောင်းစီကို အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား အခမဲ့ ပေးအပ်သည်။
ငဖဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၈၃ ကျောင်းရှိရာ ယခုပညာသင်နှစ်တွင် အထက်တန်းကျောင်း(၂)ကျောင်း၊ အ.ထ.က(ခွဲ)(၄)ကျောင်း၊ အ.လ.က(၄)ကျောင်း၊ အ.လ.က(ခွဲ) (၁၀)ကျောင်း၊ မူလွန် (၆)ကျောင်း၊ အ.မ.က (၂၂) ကျောင်း ၊ အ.မ.က(ခွဲ) (၁)ကျောင်း စုစုပေါင်း (၄၉)ကျောင်းသာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မယု(ငဖဲ)