မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေး မေ ၂၃

“ကျောင်းနေအရွယ်ကလေး အားလုံးစဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ” ဆောင်ပုဒ်နှင့်အညီ မကွးတိုင်းဒေသကြီး ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှအကြီးအကဲများ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆားစည့်)မှ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းအပ်ကြမယ် တေးသီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး၊ ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade-6 ကျောင်းသား မောင်လွင်သန့်ထူးအောင်နှင့် တယောအဖွဲ့မှ အလှကမ္ဘာမြေနှင့် မြန်မာ့ကျောင်းတေးသီချင်းအား တယောဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့် အခြေခံပညာသင်ယူခွင့်ကို ကလေးတိုင်းရရှိစေရန် နှစ်စဉ်မေလနောက်ဆုံးရက်သတ္တပတ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆောင်ပုဒ်အဖြစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” လို့ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းအပ်နှံမှုများလာပြီး ကျောင်းနေနှုန်းမြင့်မားလာကာ ကျောင်းထွက်နှုန်းလျှော့ချရေး၊ အခမဲ့ပညာရေးစနစ်နှင့် KG+9 မသင်မနေရပညာရေးကို ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ မိဘပြည်သူများနှင့် ပညာရေးဝန်ထမ်းများ ပူးပေါင်းလက်တွဲ၍ ထ်ိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ရည်ရွယ်၍ ကျောင်းအပ်နှံရေးအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၏ ပညာရေးဧရိယာ(School Catchment)အလိုက် ကျောင်းအပ်နှံရေးဆိုင်ရာ အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ သတင်းဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများ ကပ်ထားအသိပေးခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်း၊ ကျောင်းနေအရွယ်ကလေးများ၏ အမည်စာရင်းကောက်ခံခြင်းများကို ကြိုတင်ဆောင်ရွက်ခဲ့ကြပြီးဖြစ်လို့ အမည်စာရင်းပါ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ကျောင်းအပ်နှံရေး၊ ကျောင်းတက်ရောက်ရေးနှင့် ကျောင်းနေမြဲရေးတို့ကို ဆက်လက်ပြီး ဝိုင်းဝန်းကြိုးပမ်း ကူညီဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂)ရက်မှာ ပြန်လည်ဖွင့်လှစ်ပြီး သင်ကြားရေး စတင်ဆောင်ရွက်မှာဖြစ်တဲ့အတွက် မိဘများအနေဖြင့် မိမိတို့၏ကလေးများကို သတ်မှတ်ကျောင်းနယ်မြေများတွင် ဇွန်လ(၁)ရက် နောက်ဆုံးထား၍ ကျောင်းအပ်နှံကြဖို့ အသိပေးလိုကြောင်း၊ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံကြသည့် နည်းတူ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင်လည်းပဲ ကျောင်းအပ်နှံကြရမှာဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံတဲ့အခါမှာလည်း ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေး၊ စာကြည့်တိုက်ကြေးအပါအဝင် မည့်သည့် အခကြေးငွေကိုမှ လုံးဝကောက်ခံမည်မဟုတ်တဲ့အပြင် မူလတန်းဆိုရင် ပုံနှိပ်စာအုပ်၊ ဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံတို့ကို အခမဲ့ထုတ်ပေးမှာ ဖြစ်ပါကြောင်း “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ၊ “ပညာမြင့်မှ လူမျိုးတင့်မည်” ၊ “ပညာရဲရင့် ပွဲလယ်တင့်” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံသားတစ်ဦးသည် ကျောင်းနေ၍ ပညာသင်ကြားမှသာလျှင် ဘဝခရီးလျှောက်လှမ်းရာတွင်လည်းကောင်း၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်ဆံရာတွင်လည်းကောင်း လူနေမှုဘဝအဆင်ပြေချောမွေ့မည်ဖြစ်ပြီး အခက်အခဲများကိုလည်း ဖြေရှင်းကျော်လွှားနိုင်မှာဖြစ်ပါကြောင်း၊ ပညာသင်ယူရာတွင်လည်း ကျောင်းသုံးပြဌာန်း စာအုပ်ချည်းမဟုတ်ဘဲ စာကြည့်တိုက်မှ စာပေများအပြင် အားကစား၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ စက်မှု လက်မှု၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှုစတဲ့ သက်မွေးပညာ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ပြည်သူ့နီတိ၊ ပြည်ထောင်စုစိတ်ဓာတ်၊ ကွန်ပျူတာအခြေခံ၊ ကင်းထောက်၊ ကြက်ခြေနီ၊ ယဉ်ကျေးလိမ္မာသင်တန်းများစသည့် ဘက်စုံပညာရေးနှင့် ဗလ(၅)တန် ပြည့်ဝရေးအတွက်လည်း ကျောင်းချိန်၊ ကျောင်းချိန်ပြင်ပနှင့် ကျောင်းပိတ်ရက် နွေရာသီကာလများတွင် လေ့လာသင်ယူနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှု၊ သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်မှုဖြင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မိဘများ၏ နေထိုင်ရာအရပ်ဒေသ၊ လုပ်ကိုင်ရာ သဘာဝအခြေအနေအရပ်ရပ်ကြောင့် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကျောင်းအပ်နှံရန်ခက်ခဲသော ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာသင်ယူခွင့်မဆုံးရှုံးရစေဖို့ ကျောင်းပြင်ပပညာသင်ကျောင်း (Nonformal School)နှင့် ရွှေ့လျားကျောင်း(Mobile School)များတွင် ကျောင်းအပ်နှံရေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားတက်ရောက်သူအားလုံးက မိမိပတ်ဝန်းကျင်ရှိ မိဘပြည်သူများ၏ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြဖို့ အသိပေးစည်းရုံး နှိုးဆော်ပေးကြပါရန်နှင့် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေး ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ကူညီဆောင်ရွက်ကြဖို့ ထပ်ဆင့် တိုက်တွန်းမှာကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်က ကျောင်းအပ်နှံရေးဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့သောပစ္စည်းများနှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့သည့် အလှူရှင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မကွေးမြို့ အမက-နံကပ်ကွန်း ကျောင်းသား၊ ကျောင်းသူလေးများက လူချွန်လူကောင်း တေးသရုပ်ဖော်၊ နေခြည်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသူလေးများက ပန်းကလေးများ၏ ဥယျာဉ်မှူး၊ မင်းဘူမြို့ အ.ထ.က-(၁) ကျောင်းသူလေးများက အအက္ခရာအောင်ပါစေ၊ အထက(ခွဲ)ဆားစည့်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ၊ ပညာရေးဆိုင်ရာ ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ