တောင်တွင်းကြီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

တောင်တွင်းကြီး မေ ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းက စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံခြင်းကို တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး ဒေါ်ခင်သန်းဋ္ဌေးတို့က လှည့်လည်ကြည့်ရှုကြပြီး ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်  ကျောင်းအပ်လက်ခံရာတွင် KG တန်းမှ  Grade-12 အတန်းများအား ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မည်သည့် အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံများ အခမဲ့ထုတ်ပေးလျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း(၂၅၃)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်း  စုစုပေါင်း (၂၅၉)ကျောင်းရှိပြီး ဇွန်လ(၂)ရက်နေ့ တနင်္လာ‌နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)