ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ မိသားစုဝင်ငွေတိုး လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုသင်တန်းဖွင့်ပွဲ ကျင်းပ

ပခုက္ကူ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများမှ ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်ပြီး တာဝန်ရှိသူများက သင်တန်းကာလအတွင်းအသုံးပြုမည့် လက်ရက်ကန်းနည်းပညာဆိုင်ရာပစ္စည်းများ၊ ယခင်သင်တန်းသူများကိုယ်တိုင် ရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၀)ဦး တက်ရောက်မည်ဖြစ်ပြီး မေလ ၂၂ ရက်မှ ဇွန်လ ၂၈ ရက်နေ့အထိ သဘာဝဆိုးဆေး၊ ဓာတုဆိုးဆေး၊ ချည်ချနည်း၊ ဒီဇိုင်းရေးဆွဲနည်း၊ ချားဆွဲနည်း၊ နှတ်ကော်၊ ယဉ်သွားပေါက်၊ ဖဲနှတ်ကောက်၊ ဒီဇိုင်းထုတ်နည်း၊ တန်းတင်ရက်ခတ်နည်း၊ ဒီဇိုင်းအထူးပြုဖဲနှတ်ကောက်တန်းတင်ရက်ခတ်နည်း စသည့် ဘာသာရပ် (၁၁)မျိုးကို စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများမှ လက်ရက်ကန်းနည်းပညာကို အမှန်တကယ်စိတ်ဝင်စားပြီး လုပ်ငန်းထူထောင်လုပ်ကိုင်သူ ငါးဦးအားရွေးချယ်၍ တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

ဘာမီသာ(ပခုက္ကူ)