မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်စတင်လက်ခံ

မကွေး မေ ၂၂

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ယနေ့ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားပေးလျက်ရှိရာ မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးအတွက်ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတက်နှုန်းမြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရာတွင် ကျောင်းသားအားလုံးကို မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဌာန်းစာအုပ်၊ စာရေးကရိယာများ၊ ဗလာစာအုပ်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ် စုံ(၁)စုံစီအား ပညာရေး၀န်ကြီးဌာနမှ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မကွေးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၂၄)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၅၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၄၇)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၂၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၃၈) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းခွဲသုံးကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၂၀၆)ကျောင်းအပြင် ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့်  ကျောင်းသား၊ကျောင်းသူဦးရေ စုစုပေါင်း ခြောက်သာင်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)