ဆိပ်ဖြူ မေ ၂၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများကို မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီကစတင်၍ အခြေခံပညာကျောင်းများအသီးသီးတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းနေအရွယ်ကလေးများကို ပညာသင်ကြားသင်ယူမှုတတ်မြောက်ရေးအတွက် ကျောင်းအပ်လက်ခံနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံရေး သီတင်းပတ်ပထမနေ့၌ အခြေခံပညာကျောင်းများအသီးသီးသို့ ကျောင်းသား/ကျောင်းသူများ၏ အုပ်ထိန်းသူမိဘပြည်သူများက ကျောင်းလာရောက်အပ်နှံကြသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပညာရေးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ပညာရေးဝန်ထမ်းများက သက်ဆိုင်ရာအတန်းအလိုက် ကျောင်းအပ်ခြင်းကို စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခမဲ့ပညာရေးစနစ်ဖြစ်သည့်အတွက် အခြေခံပညာကျောင်းများတွင်ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက်အပါဝင် မည်သည့်ငွေကြေးကိုမျှကောက်ခံခြင်းမရှိကြောင်း၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် သင်ကြားမှုသင်ယူမှု ပြဌာန်စာအုပ်၊ စာရေးကိရိယာနှင့် ဗလာစာအုပ်များအခမဲ့ထောက်ပံ့ပေးအပ်ခြင်း၊ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် သင်ကြားမှုသင်ယူမှု ပြဌာန်စာအုပ်၊ စာရေးကိရိယာနှင့် ဗလာစာအုပ်များထောက်ပံ့ပေးထားကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မူလတန်း KG တန်းမှ GRADE–12 ထိ တက်ရောက်ပညာသင်ကြားရန် စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၃၀၁၇) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြောကြားသိရှိရသည်။
စိုးလင်းနိုင်(IPRD)