ကံမမြို့နယ် ကျောက်စောင်းကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ကံမ ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက ကျောက်စောင်းကျေးရွာအုပ်စုမှ တောင်သူ(၆၆)ဦးတို့၏ မိုးစပါးစိုက်ဧက(၁၉၉)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၂၉၈.၅)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကံမမြို့နယ်၌ ငွေကျပ် သိန်းပေါင်းသုံးသောင်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်းအစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စုများမှဘဏ်အဖွဲ့ဝင် တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)