ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းက အသင်းဝင်သားဖွားမိခင်များကို ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် တစ်နှစ်တာ ငွေစာရင်းရှင်းတမ်းများ ချပြရှင်းလင်း

ပွင့်ဖြူ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတလူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် အသင်းဝင်သားဖွားမိခင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသင်း၏တစ်နှစ်တာကာလ ငွေစာရင်းရှင်းတမ်းများချပြရှင်းလင်းခြင်း အခမ်းအနားကို မေ ၂၁ ရက်နေ့က အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပသည်။

ရှေးဦးစွာ နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတလူမှုကူညီရေးအသင်း နာယကများက တစ်နှစ်တာ ကာလအတွင်း ပြည်သူ့အကျိုးပြု လူမှုကူညီရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အသင်းအားရေရှည်တည်တံ့စေရန် ဆင်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အလုပ်အမှုဆောင်ကော်မတီဝင်များက အသင်းမှကိုင်ဆောင်ထားသော ဖွံ့ဖြိုးရေးရန်ပုံငွေများနှင့်ပတ်သက်၍ ဘဏ္ဍာငွေရရှိ/သုံးစွဲမှု အခြေအနေများကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် အသင်းနာယကများနှင့်ကော်မတီဝင်များက အသင်းဝင်သားဖွားမိခင်များအား ထောက်ပံ့ငွေများပေးအပ်ပြီး အသင်းဝင်မိသားစုများကို စားသောက်ရေးအဆင်ပြေစေရန် ဆန်တစ်ပြည်စီ ထောက်ပံ့ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။  

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )