ပွင့်ဖြူ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့် အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းကစပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းများအလိုက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၏ ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများက ကျောင်းအပ်လက်ခံသည့် အတန်းအလိုက် အခမဲ့ ကျောင်းအပ်လက်ခံခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့သီတင်းပတ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဇွန်လ ၂ ရက်နေ့တွင် ကျောင်းဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )