မြန်အောင် မေ ၂၂
မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းစဥ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ရှေးဦးပြုစုခြင်းဘာသာရပ်၊ ပညာရပ်များကို လူတိုင်းတတ်မြောက်စေရန်၊ ရုတ်တရက်နာမကျန်းဖြစ်ခြင်းနှင့်ထိခိုက်ဒဏ်ရာများရရှိပါက မှန်ကန်သောရှေးဦးပြုစုခြင်းနည်းဖြင့် ချက်ခြင်းပြုစုစောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဦးဆောင်မှုဖြင့် မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်သင်တန်း(၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လည်က မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြု၍ ကြက်ခြေနီသစ္စာဓိဌာန်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး အ.ထ.က တာခွကျောင်းမှ ကြက်ခြေနီသင်တန်းဆင်း ကျောင်းသား/သူများက ရှေးဦးပြုစုခြင်း ကျွမ်းကျင်မှုသရုပ်ပြသခဲ့ကြသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းနှင့် မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းဆွေတို့က သင်တန်းဆင်းအမှာစကား ပြောကြားကြသည်။
ထို့နောက် သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းတွင်ထူးချွန်ဆုရ ကျောင်းသား/သူ များကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် အ.ထ.က တာခွကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက သင်တန်းနည်းပြ ဟင်္သာတခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် ရန်ပုံပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ အ.ထ.က တာခွကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများက "ကျေးဇူးတင်ပါသည်ကြက်ခြေနီ" သီချင်းသီဆို၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းတွင်ဖွင့်လှစ်သော ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်(၂/၂၀၂၅) သင်တန်းကို မေလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူ(၅၅)ဦး၊ ဆရာဆရာမ(၃)ဦးတို့အား ရှေးဦးသူနာပြုစုခြင်း ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)
မြန်အောင်