နတ်မောက် မေ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းများ အားလုံး ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံပေးလျက်ရှိပြီး ပြဌာန်းစာအုပ်၊ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများကို အခမဲ့ ထုတ်ပေးသွားမည်ဖြစ်ပြီး နတ်မောက်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၁၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း (၁၀) ကျောင်း စုစုပေါင်း (၂၂၂) ကျောင်းရှိပြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျောင်းအပ်လာသူ ကျောင်းသား/သူများအပေါ် ကျောင်းလခ၊ မိဘ ဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးများအား မည်သည့် အခကြေးငွေကိုမျှ လုံးဝ (လုံးဝ) ကောက်ခံမှုမပြုကြောင်း တာဝန်ရှိသူထံမှ သိရသည်။
လှဝင်း