ပွင့်ဖြူ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာစကားများပြောကြားပြီး ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ဂရုတစ်စိုက်လေ့လာသင်ယူကြရန်နှင့် သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များကို အလေးထားလိုက်နာသွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာများက သင်တန်းတွင် ပို့ချသင်ကြာပေးမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုရှိ ဝင်ငွေတိုးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်လိုသည့် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား မေ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)