မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်

မော်လမြိုင်ကျွန်း မေ ၂၁

ဧရာဝတီတိုင်း‌ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးကြီးမှူး၍ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများက ပြည်သူများ၊ လုပ်ငန်းရှင်များ အနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် မိမိတို့၏ ဆိုင်ခန်းများ၊ နေအိမ်များတွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျကိုင်တွယ်အသုံးပြုရေး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အသင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)