နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် လပွတ္တာမြို့နယ် မြစ်ကြိုးကြီး ရေတံခါးဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲပြုလုပ်

ပုသိမ် မေ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ ည‌နေပိုင်းက လပွတ္တာမြို့နယ် မြစ်ကြိုးကြီးရေတံခါး ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ရွေးမြစ်နှင့် ပြာမလော့မြစ်အကြားတွင် တည်ဆောက်ရေး (၉)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေငန်တားတာများ တည်ဆောက်ခြင်း စီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး(၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေငန်တားတာများ တည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ကျွန်းအပိုင်း(၄) ရေငန်တားတာ တည်ဆောက်ခြင်းလုပ်ငန်း ထိပ်ဝအကျယ် ၁၂ ပေ၊ အလျားမိုင် ၂၅ မိုင်နှင့် ရေငန်ကာကွယ်ဧက ၈၀၀၀ ဧကကို အကျိုးပြုမည့် အခြေအနေများ၊ ရေငန်တားတာ တည်ဆောက်ခြင်း စီမံကိန်း လုပ်ငန်းများအား အပိုင်း(၉)ပိုင်းဖြင့် နှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများ၊ ရေငန်တားတာအပိုင်း ၂(က)နှင့် အပိုင်း(၄)ဆောင်ရွက်ပြီးစီးပါက နွေစပါးစိုက်ဧက (၇၇၀၀)တိုးတက်စိုက်ပျိုးနိုင်မည့် အခြေအနေများ၊ ရေငန်တားတာ အပိုင်း (၉)ပိုင်း အားလုံးဆောင်ရွက်ပြီးစီးပါက ရေငန်ကာကွယ်ဧက(၄၅၀၀၀)အား အကျိုးပြုမည်ဖြစ်ပြီး နွေစပါးစိုက်ဧက(၁၁၇၀၀) တိုးတက်ဆောင်နိုင်မည့် အခြေအနေများ၊ မိုးရာသီတွင် ကျွန်းပတ်တာ အတွင်းရှိ Borrow မြောင်းများနှင့် သဘာဝချောင်း၊ မြောင်းများ၌ ရေချိုသိုလှောင်ပြီး မိုးစပါးအောင်ရေလုံလောက်စွာ ဖြည့်တင်းပေးနိုင်မည့် အခြေအနေများ၊ မိုးနှောင်းကာလတွင် အဆိုပါ Borrow မြောင်းများနှင့် သဘာဝချောင်းမြောင်းများအတွင်း ကျန်ရှိသော ရေချိုများဖြင့် နွေစပါးနှင့်အခြားသီးနှံများ ရေချိုရရှိ၍တစ်သီးစိုက်မှ နှစ်သီးစိုက်ပျိုးနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စိုက်ပျိုးရာသီအမီ လုပ်ငန်းများပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် တောင်သူများအား ရေငန်တားတာများ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးမှာကြားခဲ့ပြီး မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ ပေါက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကျင်းပရာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ခံစားခဲ့ရသည့် ရဟန်းရှင်လူပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မန်းငြိမ်းမောင်က “မြစ်ကြိုးကြီးရေတံခါး ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေငန်ကို တား၍ ရေချိုဖြင့်စိုက်ပျိုးရေးများ ဆောင်ရွက်နိုင်သောကြောင့် စိုက်ဧကများ တိုးတက် စိုက်ပျိုးနိုင်မည်ဖြစ်သည့်အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ‌နိုင်ငံတော်မှ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ တောင်သူကြီးများ အနေဖြင့် မိမိတို့၏သားသမီးများအား ပညာကိုဆုံးခန်းတိုင်အောင် တက်ရောင်သင်ကြားနိုင်‌ရေး အတွက် ပံ့ပိုးဆောင်ရွက်ပေးကြရန်နှင့် လူငယ်များ လမ်းမှားမရောက်အောင် ဆုံးမသွန်သင် ပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့ရပ်ရွာ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းလုံခြုံရေးအတွက် ဒေသတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေငံထိုးဒေသများတွင်  မိုးစပါးအပြင် နွေစပါးစိုက်ဧကများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စိုက်ပျိုးနိုင်ရေးအတွက် တာတမံများ၊ ရေနုတ်မြောင်းများ၊ ရေတံခါးများ ချောင်းကော၊ မြောင်းကောများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေငန်တားတာများ ‌ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာချင်းဆက် လမ်းများအဖြစ် အသုံးပြုနိုင်ကာ လမ်းပန်းဆက်သွယ်ရေးအတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ မိုးစပါးရာသီတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လို‌ကြောင်း၊ ကြဲခင်းစနစ်များကိုလည်း ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးစပါးအပြင် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုတ်များကို သီးထပ်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရောက်ရှိရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအား များတိုးတက်စေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း” ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) များ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတည်ဆောက်မည့် မြေနေရာအတွက် မြေပေးမိန့်ကို လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ရာ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ ဒုံးယိမ်းအကအဖွဲ့များအား ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ခဲ့သည်။

ကျော်ဟိန်း