မြန်အောင် မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ် (Abate) ဆေးခတ်ခြင်းကို မြန်အောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်က မြန်အောင်မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
မိုးဦးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှုများ ပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအား အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို မြန်အောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)