ကြံခင်း မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြည်သူဆေးရုံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော် အနီးကပ်ကြီးကြပ်မှုဖြင့် အထူးကုဆရာဝန်ကြီးဦးဆောင်ကာ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှေ့ပြေးဆေးအဖွဲ့၊ ကွပ်ကဲရေးအဖွဲ့၊ ကုသရေးအဖွဲ့၊ လူနာလွှဲပြောင်းကုသရေးအဖွဲ့၊ အထောက်အကူပြုအဖွဲ့များဖွဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
ထိုသို့ လေ့ကျင့်ခြင်းဖြင့် အရေးပေါ်အခြေအနေအဖြစ်ပေါ်လာပါက ဆေးရုံဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့်ပူးပေါင်း၍ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်၊ ရှေးဦးသူနာပြုစုခြင်းများ၊ ကျန်းမာရေးဆိုင်ရာကုသမှုများ၊ အဆင်ပြေချောမွေ့စေရန်၊ ထိခိုက်သေဆုံးမှုလျော့နည်းနိုင်စေရန် စသည့် ရည်ရွယ်များစွာဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးထံမှ သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)