ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်

လွိုင်ကော် မေ ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လွိုင်ကော်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါကျောင်း သင်တန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပါဝင်ထမ်းဆောင်နိုင်သည့် အမျိုးသမီးကောင်းများ ဖြစ်လာစေရန် မိမိတို့၏ ဘဝ၊ မိမိတို့၏အစွမ်းအစနဲ့ ရပ်တည်နိုင်စေရန်နှင့် အိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာကို တတ်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုသင်ယူပြီး သင်တန်းစည်းကမ်းများကို တိကျစွာလိုက်နာ၍ သင်တန်းပြီးမြောက်အောင်မြင်သည်အထိ ကြိုးစားတက်ရောက်သွားကြရန်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားပြီး သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းတွင်ဖွင့်လှစ်သင်ကြားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဖွင့်ပွဲတက်ရောက်လာသူများက  သင်တန်းသူများအား သင်ကြားမည့် နမူနာလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမ၊ သင်တန်းသူ အိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာများ၊ စာကြည့်တိုက်၊ စက်ချုပ်သင်တန်း လက်တွေ့ဆောင်များ၊ စားရိပ်သာများသို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးရရှိရေး၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ သင်တန်းကာလတစ်လျှောက် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများနှင့် သင်တန်းသူများ အားလပ်ချိန်တွင် အသိပညာတိုးပွားရေး စာပေလေ့လာဖတ်ရှုနိုင်ရေး စာကြည့်တိုက်အား လိုအပ်သည်များ ဖြည့်ဆည်းသွားရန်၊ သင်တန်းကျောင်းမှ ပုံမှန်ဖွင့်လှစ်သည့်သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယခုဖွင့်လှစ်သည့်သင်တန်းတွင် သင်တန်းသူ (၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၂-၅-၂၀၂၅) ရက်နေ့မှ (၁၀-၁၀-၂၀၂၅) ရက်နေ့အထိ ရက်သတ္တ(၂၂)ပတ် ကြာမြင့်မည်ဖြစ်ကာ စက်ချုပ်ပညာ၊ အချက်အပြုတ်နှင့် မုန့်လုပ်နည်း၊ ရှေးဦးသူနာပြုစုနည်းများ၊ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများပါ ထည့်သွင်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)