ငဖဲ မေ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် ဇီးတောကျောင်းတိုက်တွင် ဧပြီလ ၁ ရက်နေ့မှ မေလ ၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သော (၁၄)ကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ၊ (၉)ကြိမ်မြောက် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇီးတောကျေးရွာဘုန်းတော်ကြီးကျောင်း မဟာကုသလကာရီ ဓမ္မဗိမာန်တော်ကြီးတွင် ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် သံဃာတော်များ၊ ဧည့်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်းသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မိုးကုတ်နယ်လှည့်ဓမ္မကထိက ရွှေစက်တော်ဆရာတော် ဦးသုန္ဒရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ယဉ်ကျေးလိမ္မာ၍ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားနေထိုင်ကြရန်၊ မကောင်းမှုရှောင် ကောင်းမှုဆောင်ပြီး မိမိစိတ်ကိုဖြူစင်စွာထားရန်၊ စာကြိုးစားကြရန်နှင့် သင်ကြားပြီးခဲ့သည့် ကွန်ပျူတာနည်းပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ကောင်းစွာအသုံးချရန် ဆရာတော်က ဆုံးမဩဝါဒမိန့်ကြားသည်။
ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲကိုကျင်းပရာ နွေရာသီယဉ်ကျေးလိမ္မာစာမေးပွဲ အဆင့်(၅)ဆင့်တွင် ဖြေဆိုအောင်မြင်ကြသော ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ (၁၅)ဦး၊ နှစ်သိမ့်ဆုရရှိသူ(၁၀)ဦး၊ ရိုးရိုးအောင်မြင်သူများနှင့် နည်းပြဆရာမများအတွက် စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၇)သိန်းနှင့် လူသုံးကုန်ပစ္စည်းများ၊ စာရေးကိရိယာများ၊ ကွန်ပျူတာသင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို မိုးကုတ်နယ်လှည့်ဓမ္မကထိက ရွှေစက်တော်ဆရာတော် ဦးသုန္ဒရ၊ ဇီးတောကျောင်းတိုက်ဆရာတော် ဦးကစ္စာယနနှင့် သင်တန်းနည်းပြဆရာတော်တို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဇီးတောကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတွင် KG မှ Grade-9 အထိ ကျောင်းသား/သူ(၉၂)ဦး၊ အခြေခံကွန်ပျူတာသင်တန်းတွင်(၂၈)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)