မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြို့ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပ

မကွေး မေ ၁၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ မြသလွန်စေတီတော်ဘုရားရင်ပြင်တော်၌ ကျင်းပခဲ့သည်။

 အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပြီး စေတနာရှင်၊ အလှူရှင်များနှင့်အတူ မကွေးမြို့ မြသလွန်ဘုရား ရင်ပြင်တော်ပေါ်၌ ရဟန်းရှင် (၁) ပါး၊ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း (၉၈)ကျောင်းမှ သံဃာတော် (၉၈)ပါး၊ သီလရှင် (၂၄) ကျောင်းမှ သီလရှင် (၂၄)ပါး စုစု‌ပေါင်း ( ၁၂၃) ပါးအား ဆွမ်းဆန်စိမ်းများလောင်းလှူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်၌ ကဆုန်လပြည့်နေ့အခါသမယ မြသလွန်စေတီတော်ပေါ၌ ဌာနဆိုင်ရာဝတ်အသင်းအဖွဲ့များက ညောင်ရေသွန်းလောင်းဂါထာတော်များ ရွက်ဖတ်ပူဇော်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့များက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြပြီး ဘုရားဖူးလာပြည်သူများက မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခဲ့ကြသည်။

ထို့နောက် ညောင်ရေသွန်းလောင်းသည့်အဖွဲ့များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဘုရားဖူးလာပြည်သူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပြီး မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် ဇနီးတို့က မြန်မာမုန့်ဟင်းခါး စတုဒိသာ ကုသိုလ်ဒါနပြု လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)