အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနှင့် သူနာပြုများနေ့အခမ်းအနား လွိုင်ကော်၌ ကျင်းပ

လွိုင်ကော်  မေ ၁၀

အပြည်ပြည်ဆိုင်ရာသာဖွားဆရာမများနှင့် သူနာပြုများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လွိုင်ကော်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးအစည်းအဝေးခမ်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်း က “ယနေ့အခမ်းအနားကို ပြည်သူများ၏ကျန်းမာရေးအဆင့်မြင့်တင်ခြင်းအပိုင်းတွင် သူနာပြုနှင့်သာဖွားများ၏အခန်းကဏ္ဏ အဓိကကျနေမှုကို ပြည်သူများသိရှိလက်ခံယုံကြည်ပြီး မိမိတို့နှင့်အတူလက်တွဲပူးပေါင်းပါဝင်လာ‌ စေရန်ဖြစ်ကြောင်း ပြည်နယ်အစိုးရအနေဖြင့်လည်း ကျန်းမာရေးကဏ္ဏအတွက်လိုအပ်သည်များကို အစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေကြောင်း သူနာပြုနေ့သားဖွားဆရာ/ဆရာမများကလည်း ကျန်းမာရေးအဆင့်ပိုမိုမြင့်မားလာစေရန် မိတ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်ရင်းနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအဓိကထားမျှော်မှန်းကာသစ္စာရှိရှိ၊ တာဝန်သိသိဆင်ခြင်တုံတရားရှိရှိ၊ ကျေပွန်စွာထမ်းဆောင်သွားကြပါရန်တိုက်တွန်းလိုကြောင်း” စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး ဒေါ်မာမာဆွေက အပြည်ပြည်ဆိုင်ရာ သာဖွားဆရာမများနှင့် သူနာပြုများနေ့ (Happy International Nurses Day) အကြောင်း၊ အထက်တန်းသူနာပြုဆရာမ ဒေါ်ဝီမြာက ခွဲစိတ်ခန်းအတွင်း လိုက်နာဆောင်ရွက်ရမည့်အချက်များ နှင့်ခွဲစိတ်ခန်းတာဝန်ကျသူနာပြုများ၏ လုပ်ငန်းတာဝန်များ (To Know About OT Protocols and Nursing Responsibilities)အကြောင်း၊ ဘက်စုံသားဖွား ဆရာမ ဒေါ်ဝင်းဝင်းခိုင်က မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးအချက်အလက်များအကြောင်း အသီးသီးရှင်းလင်း ဆွေးနွေးကြသည်။ ဆက်လက်၍ ကယားပြည်နယ် သူနာပြုနှင့်သားဖွားအသင်း၊ (လွိုင်ကော်)နှင့် မန္တလေးငလျင်ဘေးအတွက်အလှူငွေများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစည်သူနှင့် ပြည်နယ်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ရီရီထွန်းတို့ကပေးအပ်ရာ ပြည်နယ်သူနာပြုနှင့်သားဖွား အသင်းဥက္ကဌ၊ တာဝန်ခံသူနာပြု ဆရာမကြီး ဒေါ်မူကလားရာက လက်ခံရယူကြပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ထို့နောက်စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသော သူနာပြုနှင့်သားဖွား ဆရာ/ဆရာမများက သူနာပြုသစ္စာအဓိဌာန်ကို စုပေါင်းရွက်ဆိုခဲ့ကြသည်။

ယနေ့အခမ်းအနားသို့ သမားတော်နှင့်အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့်သာဖွားဆရာမ(၃၀)ဦး၊ သူနာပြု(၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုတွတ်(ပြန်ဆက်)