လွိုင်ကော် မေ ၇
ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဒေါဥခူ (မူလွန်) ကျောင်းနှင့် အ.မ.က (မင်းစု) ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေမှုနှင့် ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(ဒေါဥခူ)နှင့် မင်းစုရပ်ကွက် အခြေခံပညာမူလတန်းကျောင်း (မင်းစု) သို့ သွားရောက်ကာ ကျောင်းဖွင့်ရာသီတွင် ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားရှိသည့် ကျောင်းရုံးခန်းများ၊ စာသင်ခန်းများ၊ ဝန်ထမ်းနေအိမ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဖွင့်ကာလအမီ ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ တက်ရောက်ပညာသင်ကြားနိုင်ရန် လိုအပ်သည့် ကျောင်းသုံးရုံးသုံးပရိဘောဂများ ပြည့်စုံစွာ ဆောင်ရွက်ထားရှိရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကစားကွင်းများ စနစ်တကျဖြစ်စေရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ကျောင်းပရိဝုဏ်သန့်ရှင်းသာယာရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးနှင့် တိုင်းရင်းဆေးခန်းဖွင့်လှစ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူများ ဝင်ထွက်သွားလာသည့်နေရာဖြစ်၍ ဆေးကုသမှုများ အဆင်ပြေစေရန်အတွက် ပြုပြင်ရန်လိုအပ်သည်များကို အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အကောက်ခွန်ဦးစီးဌာနရုံးသို့ ရောက်ရှိကာ ပြည်နယ်နှင့် မြို့နယ်အကောက်ခွန်ရုံးများ ပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ဌာနဝန်ထမ်းများ အဆင်ပြေစွာနေထိုင်နိုင်ရန်အတွက် ပြည်နယ်ရုံးနှင့် ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာတို့ ပြန်လည်ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)