ပွင့်ဖြူ မေ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ပဲယင်းသီးနှံ ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၉ ဒသမ ၂၁ တင်းထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက ပဲယင်းသီးနှံ ၂၁၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၁၁၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ ပဲယင်းသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယမန်နေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံရာသီက ပဲယင်း ၁၁၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ပဲယင်းစိုက်ခင်းတွေ လက်ရှိမှာ ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ပဲယင်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်းတိုးတက်ဖို့အတွက် ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့ တောင်သူတွေကို လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက ပဲယင်းသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရေး စိုက်နည်းစနစ်မှန်ကန်ရေး၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျသုံးစွဲရေး စသည့် တောင်သူပညာပေးလုပ်ငန်းများအပြင် သီးနှံရိတ်သိမ်းခြွေလှေ့ချိန်တွင်လည်း အထွက်နှုန်းလျော့နည်းမှုမရှိစေရေးအတွက် အချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်းပညာနှင့် ရိတ်သိမ်းပြီး သီးနှံများ အရည်အသွေးကောင်းမွန်စေရန် အမိုးအကာများအောက်တွင် စနစ်တကျ ထားသိုသိမ်းဆည်းနည်းစနစ်များကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲယင်းသီးနှံကို အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သောကြောင့် ဒေသမရွေး ပဲယင်းသီးနှံအား ပိုမိုစိုက်ပျိုးနိုင်အောင် ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)