မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား တက်ရောက်

မကွေး မေ ၆

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့သောပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်ကြီးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်၍ ဦးညွတ်ဂါဝရပြုခဲ့ကြပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းမှ "စံပြ" မီးသတ်စခန်းဆု၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနတွင်းသင်တန်းတွင် ထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ငလျင်ဒဏ်သင့်ဒေသများသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။ ထို့နောက် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ