ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ၌ ဝမ်းပျက်ဝမ်းလျှောရောဂါကင်းဝေးစေရန် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ရောဂါရှာဖွေကုသမှုများ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ မေ  

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ဒေသခံပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဝမ်းကိုက်ရောဂါဖြစ်ပွားနေကြောင်း သိရှိရသဖြင့် ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အဆိုပါကျေးရွာသို့ သွားရောက်ပြီး ရောဂါရှာဖွေကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲလင်းတိုး၏ ကြီးကြပ်မှုဖြင့် ဥယျာဉ်ကျစ်ကျေးရွာကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်စုစုထွေးဦးဆောင်သော အရေးပေါ်တုန့်ပြန်ရေးအဖွဲ့(RRT)မှ ကျန်းမာရေးဝန်ထမ်းများက ရေပုတ်ကြီးကျေးရွာသို့ ချက်ချင်းသွားရောက်ပြီး ကျေးရွာရှိ ဝမ်းပျက်ဝမ်းလျှောရောဂါဝေဒနာခံစားနေရသော လူနာများကို စမ်းသပ်စစ်ဆေးပြီး ကျန်းမာရေးပြုစုကုသပေးခြင်း၊ ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေး လူနာသစ်များ ရှာဖွေစစ်ဆေးကုသပေးခြင်း၊ ကျေးရွာတွင်း အများသုံး သောက်သုံးရေအသုံးပြုလျက်ရှိသော ရေတွင်း၊ ရေကန်များကို ကလိုရင်းဆေးများခပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများ၊  ကျေးရွာရပ်မိရပ်ဖများနှင့်အတူ စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။               

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)