သဲကုန်း မေ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်းဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၅/၂၀၂၅) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ(၃)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောငြိမ်းသောင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မသန်းစိန်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးတင်ဦးတို့က သင်တန်းဆင်း အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သင်တန်းနည်းပြ(၁၄)ဦးမှ သင်တန်းသား/သင်တန်းသူ (၂၀) ဦးအား ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်း သဘောတရားများ၊ လူနာစမ်းစစ်ခြင်းနှင့် ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်းများ၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဆို့နစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းလမ်းများ၊ အရိုးကျိုးခြင်းနှင့်ပတ်တီးစည်းနည်းများ၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊မူးမေ့ခြင်း၊သတိလစ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သတ္တဝါများတုတ်ခြင်းနှင့်ကိုက်ခြင်းများစသော အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၆) ကျောင်းတွင် ဧပြီလ၂၂ ရက်မှ မေလ ၇ နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)