ပဲခူးမြို့၌ အလုပ်သမားနေ့အား အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair) ဖွင့်ပွဲနှင့်အတူ ကျင်းပ

ပဲခူး မေ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အလုပ်သမားနေ့အား အလုပ်အကိုင်အခွင့်အလမ်း ပြပွဲ(Job Fair) ဖွင့်ပွဲနှင့်အတူ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair) ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ဒေသခံပြည်သူများ တစ်နေရာတည်း အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး စီစဉ်ဆောင်ရွက်ပေးထားသည့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ပြုလုပ်ပေးခြင်းသည် အလုပ်လက်မဲ့များလျော့ပါးလာပြီး မိသားစုဝင်ငွေတိုးတက်စေခြင်း၊ အလုပ်လုပ်ကိုင်နိုင်သူအားလုံး အလုပ်အကိုင်ရရှိနိုင်ပါက ဒေသတွင်းကုန်ထုတ်စွမ်းအား မြင့်မားလာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်ခြင်း၊ အလုပ်အကိုင် ရှာဖွေသူအလုပ်သမားများနှင့် အလုပ်သမားလိုအပ်သူ အလုပ်ရှင်များအတွက် အချိန်မကုန်၊ ငွေမကုန်ဘဲ တစ်နေရာတည်းတွင် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အကျိုးဖြစ်ထွန်းစေနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ အလုပ်သမားနေ့ အခမ်းအနားအားအသီးတစ်ရာ၊ အညှာ တစ်ခုသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ကအလုပ်သမားနေ့ ဖြစ်ပေါ်လာပုံနှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလုပ်သမားများ၏ အခန်းကဏ္ဍအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတက္ကသိုလ်ကျောင်းသူများက အဆိုတော် ဒေါ်မာမာအေး၏မောင်အလုပ် သမားတေးသီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီး တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် သီဆိုကပြခဲ့သည့်အဖွဲ့များ၊ ပန်းပွား၊ ဘင်ခရာနှင့် တိုင်းရင်းသား မောင်နှံအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)