ပေါင်းတည် မေ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပွဲအခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဧပြီလ ၂၉ ရက်နေ့ ည ၉ နာရီခန့်က ပေါင်းတည်မြို့နယ်၌ လေပြင်းတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် ၂ လုံးပြိုလဲမှုနှင့် လူနေအိမ် ၂၈ လုံး အမိုးလန်ပျက်စီးဆုံးရှုံးမှုများအတွက် စာနာထောက်ထားသောအားဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခဲ့ကြသည်။
ထိုသို့ ကူညီထောက်ပံ့သော ဆန်နှင့်အဝတ်အထည် အသုံးအဆောင်ပစ္စည်းများအပါအဝင် စုစုပေါင်းငွေကျပ် ၁၉၉၅၀၀၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
ရွှေသား(IPRD )