သဲကုန်း ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၂၀၂၅–၂၀၂၆) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက (၂၀၂၅–၂၀၂၆) ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များအား တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ မိမိမြို့နယ်၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုစီးပွားရေးကဏ္ဍအလိုက်၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်စေရန်၊ စီမံကိန်းလုပ်ငန်းများအား အချိန်ကာလတစ်ခုအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ကြရန်၊ ပြည်သူ့ဘဏ္ဍာငွေများအလေအလွင့် ဆုံးရှုံးမှုမရှိစေရန်၊ နိုင်ငံပိုင်ရင်းနှီးမြုပ်နှံမှုစီမံကိန်းအား သက်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မှီအောင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေး ကော်မတီဝင်များအနေဖြင့် ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် စီမံကိန်းအလိုက်၊ ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် ရည်မှန်းချက်တာဝန်များအား အသေးစိတ်တင်ပြရန် ရှင်းလင်းပြောကြာခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးသိန်းဇော်က (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ၏ ကဏ္ဍာများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးမှ (၂၀၂၅- ၂၀၂၆) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းများဖြစ်သည့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအား သက်ဆိုင်ရာဌာနများသို့ တာဝန်ပေးအပ်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးသိန်းဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)