ညောင်လေးပင် ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ညောင်လေးပင်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဦးမျိုးသန့်ထွန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းအကောင်အထည်ဖော်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ညောင်လေးပင်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုစီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌများသို့ တာဝန်ပေးအပ်လွှာများကို အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ကျောက်တံခါး၊ ရွှေကျင်နှင့် ကျောက်ကြီးမြို့တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများ စုစုပေါင်းအင်အား (၈၂) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)