မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) တက်ရောက်

မကွေး ဧပြီ ၂၉

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅)ကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခု ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာနှစ်ကို ရောက်ရှိလာပြီး၊ ဒီဘဏ္ဍာနှစ်အတွက် မိမိတို့ မကွေးတိုင်းဒေသကြီးရဲ့ စီမံကိန်းရည်မှန်းချက်များကို ၁၀-၄-၂၀၂၅ ရက်က ကဏ္ဍအလိုက် တာဝန်ပေးအပ်ထားပြီးဖြစ်တဲ့အတွက် လျာထားချက် ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်နိုင်ရေးကို ယခုလို ဘဏ္ဍာနှစ်အစကတည်းက အားထည့်ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သီးနှံစိုက်ဧရိယာ ဒေသလျာထား(၆၅)သိန်းကျော် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ဧရိယာ/အထွက်နှုန်း လာမည့်မိုးရာသီ သီးနှံကပင် အသားတင် စိုက်ဧရိယာအားလုံး ပြည့်မီကျော်လွန်သည့် အပြင်သီးထပ်၊ သီးညှပ်များ အပြည့်အဝစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိကြဖို့လိုအပ်ကြောင်း၊ ဒါ့ပြင် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဇုန်တွင် ဧကကွက်များဖော်ထုတ်ခြင်း၊ ရေရရှိရေးလုပ်ငန်းများနှင့် အခြားလိုအပ်သည့် ဆက်စပ်လုပ်ငန်းများအား သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း၍လာမည့် မိုးသီးနှံအမီစိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ကို တိုက်တွန်းပြောကြားလိုပါကြောင်း၊ တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီးအတွက် ရရှိတဲ့ အရင်းမပျောက်မတည်ငွေ ကျပ်(၁၀)ဘီလီယံကို ပထမအကြိမ်ထုတ်ချေးပြီး ပြန်လည်ကောက်ခံရရှိတဲ့ အရင်း/အတိုးငွေကို ဆက်လက်မတည်ရင်းနှီးထုတ်ချေးလျက်ရှိပါကြောင်း၊ ၂၅-၄-၂၀၂၅ ရက်အထိ အတိုးရငွေ စုစုပေါင်းမှာ ကျပ်(၉၁၆.၁၆၃)သန်းဖြစ်ပြီး၊ စဉ်ဆက်မပြတ် ထုတ်ချေးပေးနေတာဖြစ်သော်လည်း အရင်းမပျောက်မတည်ငွေဖြစ်တဲ့အတွက် အရင်းမဆုံးရှုံးဖိုတော့လိုအပ်ပါကြောင်း၊ သဘာဝဘေးအနေဖြင့် အားလုံးသိအောင်ပြောရရင် မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့်ပြည်သူများအား မိမိတို့တိုင်းဒေသကြီးအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေး/ဖွံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်းလူအင်အား(၄၁၀)ဦး၊ ယာဉ်(၂၈)စီး၊ သွေး(၄၇၂)အိတ်တို့အား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေမှာ နေ့စဉ်ထမင်းဗူး(၁ဝဝ)ကို (၁-၄-၂၀၂၅)ရက်မှ စပြီး ယနေ့အထိ နေ့စဉ်ဝေငှပေးလျက်ရှိပါကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်(၈၄၅၄.၄၁) သိန်းရရှိပြီး၊ ဆက်လက်ပြီးတော့လည်း လှူဒါန်းသွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ မီးလောင်သည့် အကြိမ်ပေါင်း(၈၂)ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် အိမ်ခြေအဆောက်အဦ (၇၄၉)လုံး၊ စက်ရုံ/အလုပ်ရုံ/ ဂိုဒေါင်(၁)ခု၊ လူသေဆုံးမှု(၄)ဦး၊ ဒဏ်ရာရ(၈)ဦး၊ မီးဘေးသင့်ပြည်သူ(၂၆၅၈)ဦး၊ တိရစ္ဆာန်(၁၆၄)ကောင်၊ ဆုံးရှုံးမှုတန်ဖိုးကျပ်(၁၅၉၃. ၃၀၄)သန်းရှိခဲ့တဲ့အတွက် ယခုနှစ်မှာ တိုင်းဒေသကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မီးသတ်ဦးစီးဌာနက နေ့/ညမပြတ်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ အသိပေးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ပြီး ဌာနများအားလုံးကလည်း မိမိတို့ဌာနများအလိုက် ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေး၊ အခြေခံပြည်သူလူထု၏ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြဖို့၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်၍ စီးပွားရေး အားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးအဘက်ဘက်မှ အားကောင်းလာမည်ဖြစ်သဖြင့် နိုင်ငံစီးပွားရေးအားကောင်းအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့်  ပြောကြားသည်။

ဆက်လက်၍  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေနှင့် အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ