ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေ‌ရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပွင့်ဖြူ ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ယနေ့နံနက် ၇ နာရီက မြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ မြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူဈေးသားများကို တွေ့ဆုံကာ မြို့နယ်တွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များနှင့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သော အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူတို့ကိုသာ သုံးစွဲကြရန်၊ ဈေးဝယ်ရာ၌ မိမိတို့နေအိမ်မှ လက်ဆွဲခြင်း(သို့မဟုတ်) ထည့်စရာတစ်ခုခုတို့ကို တစ်ပါတည်းယူဆောင်လာကြရန် စသည့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မြို့မဈေးအတွင်း/အပြင်ရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး ဈေးရောင်းဈေးဝယ်ရာတွင် အသုံးပြုရန် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)