တောင်တွင်းကြီး ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ ရခိုင်စေတီတော်မြတ်ကြီး ပရဝဏ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ စုပေါင်းကာ ယမန်နေ့နံနက်(၇)နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး ပရဝဏ်ပတ်ဝန်းကျင်ရှိ ခြုံနွယ်များနှင့် အမြင်မတင့်တယ်သည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များနှုတ်ခြင်း၊ ဘုရားကြီးရင်ပြင်တော်နှင့် လှေကားများ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စွန့်ပစ်အမှိုက်များ ကောက်ယူခြင်း၊ အမှိုက်လှဲခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသည့် အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများကအဖွဲ့ပိုင် အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် စနစ်တကျ သယ်ယူစွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့ သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များစုပေါင်းကာ အထင်ကရနေရာများ၊ ဘုရား၊ စေတီပတ်ဝန်းကျင်များ၊ အခြေခံပညာကျောင်းများတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)