အထက်မင်းလှ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေ ဝေပေးခဲ့ပြီး၊ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)