မင်းဘူး ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ အိုင်းမရေလွှဲဆည်မှ လက်တံမြောင်းများနှင့် ကျောက်စံဓာတ်အားပေးစနစ် ရေတင်လုပ်ငန်းများမှ ရေပေးဝေမှုများနှင့် သီးနှံစိုက်ခင်းများ၏အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရေပေးဝေစိုက်ပျိုးရာတွင် အိုင်းမရေလွှဲဆည်မှ လက်တံမြောင်း ၁၊ ၂၊ ၃ မှ ၁၀၆၇ ဧက၊ ကျောက်စံလျှပ်စစ်ရေတင်နှင့် ဆိုလာဓာတ်အားပေးစနစ် ရေတင်လုပ်ငန်းတို့မှ ၇၅၅ ဧက ရေဖြန့်ဖြူးပေးနိုင်သောကြာင့် စုစုပေါင်း ၁၈၂၂ ဧက ရေပေးဝေစိုက်ပျိုးနိုင်ကြောင်း မင်းဘူးမြို့ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။
ယင်းရေပေးဝေထားသည့် စိုက်ခင်းများဖြစ်သည့် တောင်မန်းကျေးရွာ၊ ရေပုတ်ကျေးရွာ၊ ကျောက်စံကျေးရွာများမှ နွေနှမ်းနှင့် နွေစပါးစိုက်ခင်းများ ရေသက်ရောက်မှုနှင့် အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိများက ရေပေးဝေထားနိုင်မှုနှင့် သီးနှံစိုက်ခင်းများ၏အခြေအနေများကို ရှင်းလင်းတင်ပြပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)