ပခုက္ကူ မတ် ၆
၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပခုက္ကူခရိုင် စားသုံးရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများ ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်ပစ္စည်းများ၊ အွန်လိုင်းမှတ်ပုံ တင်ခြင်းဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ အကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပခုက္ကူမြို့နယ်အတွင်းရှိ စီးပွာရေးလုပ်ငန်းရှင်များက လုပ်ငန်းအလိုက် ထုတ်လုပ်ဖြန့်ချီသည့် ကုန်ပစ္စည်းအမျိုးအစားများ၊ စားသုံးသူရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိမှုများအကြောင်းတို့ကို ရှင်းလင်းတင်ပြကြရာ ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)