ပခုက္ကူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပခုက္ကူ မတ် ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ လုပ်ငန်းအောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။

“ပခုက္ကူမြို့နယ် ကျေးရွာအချို့ရှိ ယာမြေများ၌ မြေအောက်ရေကိုအသုံးပြုကာ ကွမ်းစိုက်ခင်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ပထမဦးစွာ ယာမြေများကို အကျယ်နှစ်ပေ၊ တစ်တောင်အနက်ရှိ မြောင်းတူးပြီး မြေဆွေးများ ထည့်နှပ်ထားကာ နှစ်ပတ်ခန့်အကြာတွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် ရောင်းတန်းဝင်ကွမ်းရွက်များ စတင်ဆွတ်ခူးရောင်းချရကြောင်း၊ စိုက်ပျိုးစဉ်ကာလတွင် ကွမ်းရွက်ပင်အရိုးပုပ်ခြင်း၊ အမြစ်ဆွေးဝင်းခြင်းများ မဖြစ်ပေါ်စေရေးအတွက် ဂရုစိုက်ပေးရကြောင်း၊ စိုက်ပျိုးသည့် ကွမ်းစိုက်ခင်းများ အောင်မြင်ထွန်းပြီး ယခုအခါ ကွမ်းနုဝါ၊ ကွမ်းစိမ်းများကို အကြီး၊ အလတ်၊ အသေး အမျိုးအစားအလိုက် တစ်ပိဿာကို ငွေကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ရောင်းချရကြောင်း” ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာဈေးကြီး၌ လက်လီ၊ လက်ကားစနစ်ဖြင့် လာရောက်ရောင်းချသည့် ကွမ်းစိုက်တောင်သူတစ်ဦးက ပြောပြသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ကွမ်းစိုက်ခင်းများအပြင် ရာသီအလိုက်သီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းမျိုးစုံများကိုလည်း အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)