နတ်တလင်း မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကိုယ်ဝန်ဆောင်စဉ်မွေးဖွားစဉ်နှင့် မွေးပြီး မိခင်ပြုစုစောင့်ရှောက်ခြင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းကို သားဖွားဆရာမများ၊ အမျိုးသမီး ကျန်းမာရေးဆရာမများ၊ သူနာပြုများစသည့် မိခင်ကျန်းမာရေး/သားဖွားခြင်းဆိုင်ရာစောင့်ရှောက်မှု ဆောင်ရွက်ပေးနေကြသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများအရည်အသွေး မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးအေးသန့်၏ ဦးဆောင်မှုဖြင့် မိခင်နှင့်ကလေးကျောင်းကျန်းမာ အာဟာရ ဦးစီးအရာရှိ ဒေါက်တာခိုင်သဉ္ဇာ၊ သူနာပြုဆရာမကြီး ဒေါ်ခင်မြင့်ရီ၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ခင်ချိုဝင်းတို့မှ သင်တန်းပို့ချပေးမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ သားဖွားဆရာမများအမျိုးသမီးကျန်းမာရေးဆရာမများ (၅၆) ဦး တက်ရောက်ခဲ့ပြီး မတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)