ပွင့်ဖြူမြို့နယ်၌ ဆောင်းရာသီက စိုက်ပျိုးသည့် မြေပဲ ၂၅၈၀ ဧကထိ နုတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧက မြေပဲတောင့် ၅၄ ဒသမ ၆၃ တင်းခန့် ထွက်ရှိ

ပွင့်ဖြူ မတ် ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် မြေပဲသီးနှံ ၂၅၈၀ ဧကထိ နုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၅၄ ဒသမ ၆၃ တင်းခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ ၃၀၈၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါမြေပဲစိုက်ခင်းများကို ဒေသခံတောင်သူများက ဇန်နဝါရီလမှ စတင်နုတ်သိမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ထိ မြေပဲ ၂၅၈၀ ဧက နုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဆောင်းရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီစားသုံးမှု ဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် မြေပဲ ၃၀၈၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နောက်ပြီး  မြေပဲခင်းတွေက ပိုးမွှားကျရောက်မှုမရှိလို့ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ အဲဒီ မြေပဲစိုက်ခင်းတွေကို တောင်သူတွေက နွေသီးနှံပြန်လည်စိုက်ပျိုးဖို့အတွက် ဇန်နဝါရီလမှစပြီး နုတ်သိမ်း ခြွေလှေ့လျက်ရှိရာ ဒီနေ့ထိ မြေပဲ ၂၅၈၀ ဧက နုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပါတယ်။ မြေပဲအထွက်နှုန်းလည်း ကောင်းတယ်  တစ်ဧကကို ၅၄ ဒသမ ၆၃ တင်း ထွက်ရှိပါတယ်။ မြေပဲနုတ်သိမ်းခြင်းနဲ့ပတ်သက်ပြီး အထွက်နှုန်းလျော့နည်းမှု မဖြစ်အောင် အချိန်မီ နုတ်သိမ်းကြဖို့နဲ့ နုတ်သိမ်းပြီး မြေပဲများကို အမိုးအကာအောက်တွင် စနစ်တကျ ထားသို သိမ်းဆည်းကြဖို့ အသိပညာပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီ၌ ဆီစားသုံးမှု ဖူလုံပိုလျှံစေရေးအတွက် မြေပဲ ၂၉၃၀ ဧက လျာထား စိုက်ပျိုးခဲ့ရာ ၃၀၈၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မြေပဲစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့များ တိုးချဲ့စိုက်ပျိုးရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေး၊ (GAP) စနစ်နှင့် အညီ စိုက်ပျိုးရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးစသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူများ စားသုံးဆီဖူလုံရေးနှင့် တောင်သူဦးကြီးများအတွက် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဆီထွက်သီးနှံမြေပဲကို အထွက်နှုန်းမျာကောင်းအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံအောင် ဖြည့်ဆည်း ပေးနိုင်ရုံသာမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သောကြောင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မြေပဲမျိုးများကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )