ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံမတ်ပဲများနုတ်သိမ်း‌ တစ်ဧက တင်း ၂၀ ခန့်ထွက်ရှိ

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီတို့၏ဦးဆောင်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျေးရွာအုပ်စုများတွင် ဆောင်းသီးနှံ မတ်ပဲကို ၁၂၈၄၁ ဧကထိစိုက်ပျိုးပြီးစီးခဲ့ပြီး၊ ယခုအခါမတ်ပဲစိုက်ခင်းများ စတင်နုတ်သိမ်းခြွေလှေ့လျက်ရှိရာ တစ်ဧကတင်း ၂၀ ခန့်ထွက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် မိမိတို့၏လယ်ယာမြေအသီးသီးတွင် ဆောင်းသီးနှံမတ်ပဲကိုနှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင်စိုက်ပျိုးကြပြီး ဒေသနှင့်ကိုက်ညီသည့် အထွက်တိုး မတ်ပဲမျိုးများကိုရွေးချယ်စိုက်ပျိုးကြပြီး တစ်ဧကလျှင်တင်း ၂၀ ကျော် ထွက်ရှိကြောင်းနှင့် မတ်ပဲတစ်တင်းလျှင် ၈၀၀၀၀ ကျပ်ရရှိပြီး၊ မတ်ပဲနုတ်သိမ်းရာသီတွင် ကျေးရွာနေပြည်သူများမှာလည်း အလုပ်အကိုင်များရရှိကြပြီး နေ့စားလုပ်အားခ တစ်မနက် ၆၀၀၀ ကျပ်ရရှိကြပြီး၊ ဧကပြတ်နုတ်လျှင် တစ်ဧကကျပ် တစ်သိန်းသုံး‌သောင်းထိရရှိကြောင်း သိရသည်။

တောင်သူများစိုက်ပျိုးထားရှိသော ဆောင်းသီးနှံမတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနိုင်ရေးနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ စနစ်တကျကိုင်တွယ်အသုံးပြုနိုင်ရေး နည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများက ကူညီပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)