မင်းလှမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောက်ရွက်

မင်းလှ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သည် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရပ်ကွက်များရှိနေအိမ်များအား ယမန်နေ့နေ့လယ်ပိုင်းက တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များနှင့် ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်၊ ဈေးဆိုင်ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြုချက်မရှိပဲ လောင်စာဆီသိုလှောင်ခြင်း ရောင်းချခြင်းမပြုရန်၊ မီးလောင်ကျွမ်းမှု မီးလန့်မှုများမဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ ထမင်းဟင်းများချက်ပြုတ်ပြီးပါက မီးဖိုချောင်အတွင်းရှိ မီးကြွင်းမီးကျန်များအား စနစ်တကျစွန့်ပစ်အသုံးပြုရေး၊ ဈေးဆိုင်တွင် လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရှိရန်၊ မီးလောင်မှုများ ဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးဆော်ဩခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)